Monday, July 25, 2011

{ ကျောင်းရောဂါ }(Click)

ကျောင်းရောဂါ

E-mail Print PDF

ယခုနှစ် ကျောင်းစမဖွင့်မီ (၂၀၁၁-၂၀၁၂ စာသင်နှစ်)၊ ယမန်နှစ်ကအတိုင်း၊ ယခင့် ယခင် နှစ်များအတိုင်း ကျောင်းရောဂါ ထပါသည်။ ကျွန်တော် ပြောချင်သည့် ကျောင်းရောဂါ
ဆိုသည်မှာ ‘ကိုယ်အပ်ချင်သည့် ကျောင်းကို မအပ်ရသဖြင့် စိတ်အလိုမကျခြင်း ရောဂါ’ ဖြစ်ပါသည်။ ကျွန်တော် ရန်ကုန်က ကျောင်းတွေ အကြောင်း အနည်းငယ်သာ သိပါသည်။
ဆရာအတတ်သင် လေ့ကျင့်ရေးကျောင်းများနှင့် တွဲထားသည့် ကျောင်းများတွင် နေချင်သည့်ရောဂါ၊ နာမည်ကြီး ကျောင်းများတွင် နေချင်သည့် ရောဂါထပြီး အကျင့်ပျက်ခြစားမှုများ ဖြစ်ခဲ့ကြောင်း မကြာမီက သတင်းတွေ ထွက်ပေါ်ခဲ့သည်။ ကိုယ်ထားချင်သည့် ကျောင်းများတွင် ထားချင်သည့်ရောဂါ၊ ထားချင်တိုင်းထား၍ မရသည့် ရောဂါသည် ရန်ကုန်တစ်မြို့တည်းမဟုတ်၊ နယ်မြို့များတွင်လည်းရှိ သည်။  နိုင်ငံတကာတွင်လည်း ရှိသည်။
ယမန်နှစ်က အိန္ဒိယတွင် မူလတန်းအတွက် နာမည်ကြီးကျောင်း တစ်ကျောင်းတွင် အပ်ခွင့်ရရေး ပေါက်ဈေးမှာ ကားတစ်စီးစာခန့်ဖြစ်ကြောင်း သတင်းတစ်ပုဒ်ဖတ် လိုက်ရသည်။ သို့သော် ကျောင်းဝင်ခွင့်ထွက်လာမှ  ကျောင်းလည်းဝင်ခွင့်လည်းမရ၊ ကားလည်းဆုံး၊ ကြားမှ ပွဲစားက ဘုံးသွားသည့်သတင်းသည် ကျွန်တော့်အတွက်တော့ အဆန်းမဟုတ်သည့် သတင်းတစ်ပုဒ် ဖြစ်နေပါသည်။
အိန္ဒိယတွင် ထိုကျောင်းတစ်ကျောင်းကို ဝင်ခွင့်ရရေးကြိုးပမ်းသည်ဆိုခြင်းမှာ ထိုကျောင်း ထွက်များကို နာမည်ကျော်စီးပွားရေးနှင့် အိုင်တီတက္ကသိုလ်များမှ ဦးစားပေး လက်ခံသောကြောင့် ဖြစ်သည်။
ထိုနာမည်ကြီး တက္ကသိုလ်များအတွက် ရည်စူးပြီး၊ ထိုအထက်တန်း ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးထားသောကြောင့် လက်သပ်မွေး ကျောင်းသားများကို ရေပေါ်ဆီ တက္ကသိုလ်များကလက်ခံသည်ဆိုခြင်းကို နားလည်ပေးနိုင်သော်လည်း၊ မြန်မာနိုင်ငံမှာ ရွေးချယ်စရာမရှိ အသိအမှတ်ပြု လက်မှတ်တစ်ခုခုရရှိရန် ကျောင်းအပြိုင်ရောဂါထခြင်းအား နားလည်ရ ခက်သောရောဂါ သို့မဟုတ် ရောဂါလက္ခဏာစု (Syndrome) ထဲ ထည့်ရမည် ထင်ပါသည်။
ကျောင်းရောဂါကို အမှန်တကယ်တီထွင်သူများမှာ ငွေရှိသူများ၊ တောမရောက် တောင်မရောက်သမားများ ဖြစ်ပါသည်။ သူတို့သည် ပညာ၏တန်ဖိုးကိုလည်း သိသည်။ ပညာတတ်တွေလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ပညာမတတ်လည်း ကိုယ်မတတ်ခဲ့သမျှ ငါ့သားသမီးမှာ တတ်ရမည် ဆိုသူတွေလည်း ဖြစ်နိုင်သည်။
ဤဖတ်စာ၊ ဤသင်ခန်းစာကို ကျောင်းတိုင်းတွင် အတူတူ သင်ကြားမှန်း သိသော်လည်း သူများနှင့်မတူ အလေးတယူ ပိုသင်သော (ပိုသင်သည်ဟု ထင်ပြီး လည်းဖြစ် ကောင်းဖြစ်နိုင်) ကျောင်းများတွင် မိမိတို့ သားသမီးကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဖြစ်နေသည်ကို ဂုဏ်ယူပြီး ပီတိဖြစ်နေသည့် လူစားများ ဖြစ်ပါသည်။
သာမန် လက်လုပ်လက်စားများတွင် မိမိတို့သားသမီးကို သူတို့အခေါ် ထိပ်တန်းဟု ခေါ်နေသော ကျောင်းအကောင်းစား ကြီးများတွင် အပ်ချင်သော်လည်း သူတို့လောက် ငွေကြေးအသပြာ မပြည့်စုံသောကြောင့် အဆင်ပြေသည့် ကျောင်းများတွင် အပ်နှံကြရပါသည်။
သို့သော် ထိုသာမန်ထင်သော ကျောင်းများမှလည်း ထူးချွန်သောကျောင်းသားများ ထွက်ပါသည်။ ထူးချွန်သော ကျောင်းသား အထူးမွေးထုတ်ရေးကျောင်း မဟုတ်သဖြင့် အရေအတွက်အားဖြင့် ယှဉ်ကောင်းမှ ယှဉ်နိုင်မည် ဖြစ်သော်လည်း အရည်အသွေးကတော့ ညံ့သူတွေမဟုတ်နိုင်ပါ။
ကျွန်တော် ဤနေရာတွင် ပညာရေး၏ ပြယုဂ်တစ်ခုကို ပြောချင်သည်။
မနက် ၇ နာရီအရောက် ကျောင်းလာရသည်။ ကျောင်းအမှန် တကယ်တက်ချိန်က ၉ နာရီ ဖြစ်ပါသည်။ ၂ နာရီ စောပြီး ကျောင်းတက်နေရသည့် အတန်းတွေက ကျောင်းတက် နေရသည်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းတွေ ဖြစ်သည်။ ဆရာတွေကလည်း ထိုအချိန်ကို ပုံမှန်ကျောင်းတက်ချိန်အလား ရိုးနေကြပြီ။ မနက်မိုးမလင်း မီ ၇ နာရီကျောင်းသို့မရောက်မီ မနက် ၅ နာရီမှ ၆ နာရီလောက်အထိ ကျူရှင်တစ်ခု တက်ခဲ့ရသေးသည်။ ကျူရှင်အပြီး ကျောင်းသို့ တန်းလာရသည်။ အကဲပိုသော မိဘတွေက ကားဖြင့် ထမင်းတွေ မုန့်တွေလိုက်ကျွေးသည်။ ကျောင်းရောက်တော့ ၇ နာရီမှ ၉ နာရီအချိန်ကို စာတွေ လာရွတ်ပြ၊ အလွတ်ကျက်လာသော စာတွေရေးပြကြရပြန်သည်။
၉ နာရီကျောင်းတက်တော့လည်း ထုံးစံအတိုင်း တစ်ချိန်ပြီး တစ်ချိန် ဆရာတွေက ဝင်သွားသည်။ တတွတ်တွတ်ရွတ်ကြ၊ နားထောင်ကြရ၊ အော်ဆိုကြရသည်။ နေ့ခင်း ထမင်းစားဆင်းချိန် ၁၂ နာရီမှ ၁ နာရီကို ကျောင်းသားများ ၁၅ မိနစ်ခန့်သာ အားလပ်ချိန်ရသည်။
ထိုအချိန်လေးအတွင်း အိမ်သာပြေးကြရ၊ မုန်းစားတန်းပြေးကြရ၊ အိမ်က ကားဆီပြေးကြရ၊ မုန့်စားတန်းတွင် စောင့်နေသော အထိန်းတွေ အစောင့်တွေဆီ ပြေးပြီး ခွံ့ကျွေးတာ တွေစားကြရ သည်။ ပြီးလျှင် အတန်းထဲသို့ အပြေးလေးပြန်လာကြရသည်။ အတန်းထဲရောက်သည်နှင့် အိပ်ငိုက်ကာ ခေါင်းလေးလှုပ်ပြနေသည့် ဆရာရှေ့တွင် လက်ကလေးပိုက်ပြီး စာတွေကို အလွတ်ရွတ်ပြ ကြရပြန်သည်။
၁ နာရီကျောင်းပြန်တက်ပြီ။ တစ်ချိန်ပြီးတစ်ချိန် ဆရာတွေက ဝင်သင်ကြပြန်သည်။ ဤသို့ဖြင့် ညနေ ၃ နာရီခွဲ ကျောင်းဆင်းသွားသည်။ အခြားအတန်းတွေပြန်သွားသည်။ ထိုအရေးကြီးသည်ဆိုသော အတန်း၊ အောင်ချက်ညံ့မည်ကို ကြောက်သောအတန်း၊ အောင်ချက်ဖြင့် အရှိန်အဝါကို မထိန်းနိုင်လျှင် သိက္ခာကျမည်ထင်သော အတန်းတွေက ဆက်ရှိနေသေးသည်။ အိမ်သာပြေးချိန် ခေတ္တပေးပြီး စာတွေ ဆက်သင်ကြပြန်သည်။
ဤသို့ဖြင့် ညနေ ၆ နာရီလောက်မှ အိမ်ပြန်ကြရန် ကျောင်းလွှတ်သည်ဆိုစေ၊ ထိုကျောင်းသားများ အိမ်မရောက်သေး။ တစ်လ သောင်းချီပေးထားရသည့် ကျူရှင်အိမ်သို့ပြေးပြီး ည ၈ နာရီလောက် အထိ ဝဋ်ခံကြရသေးသည်။ ကျူရှင်ကလည်း ကျောင်းကသင်လိုက် သည့်စာတွေကို အလွတ်ရွတ်ပြ၊ အလွတ်ချရေး၊ အောင်မှတ်တွေပေး၊ မရေးနိုင်သူ၊ တစ်ဆင့်ကူ၊ လက်ပူတွေတိုက်၊ ကြားက ကျောင်းသားကတော့ မောဟိုက်နေပြီ။
ည ၉ နာရီလောက်မှ အိမ်ပြန်ရောက်၊ ရေမိုးချိုး၊ ထမင်းစား၊ ပြီးတော့ အိမ်တွင် အသင့်စောင့်နေသော ဆရာမထံ စာတွေ၊ ရွတ်ပြ ကျက်ပြရပြန်သည်။ မနက်ဖြန်မနက် ကျောင်းတွင်ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်နေကြခြင်း ဖြစ်သည်။
ကျွန်တော်ပြောနေသည့် ဤဖြစ်စဉ်ကို နာမည်ကြီးပါသည်ဆိုသော၊ အောင်ချက်ကောင်းပါသည်ဆိုသော၊ ဤကျောင်းမှ မနေရလျှင် သေမလောက်ဖြစ်နေသော ကျောင်းများထဲမှ ကျောင်းအချို့ ကျင့်သုံးနေကြခြင်း ဖြစ်ပါသည်။
ဤစနစ်ကို မကျင့်သုံးသော နာမည်ကြီးကျောင်းများလည်း ရှိပါသည်။ ကျွန်တော် အထက်ကပြောခဲ့သလို ကျောင်းတွင် အချိန်ပို၊ အချိန်တို၊ အချိန်လိုမသင်ပါ။ ကျောင်းကို ပုံမှန်လာလည်း ရသည်၊ မလာလည်း ရသည်။ နာမည်ကြီး ကျူရှင်တွေ၊ ဘော်ဒါဆောင်တွေမှာ ထိုကလေးတွေ ရောက်ကောင်း ရောက်နေနိုင်သည်။ ကိစ္စမရှိပါ။ ကျောင်းကိစ္စကို ထိုဘော်ဒါတွေ၊ ကျူရှင်တွေက တာဝန်ယူသွားပါလိမ့်မည်။ သို့သော် စာမေးပွဲဖြေတော့ ဤကျောင်းမှလာဖြေ၊ အောင်ချက်က ဤကျောင်းမှရသည်။ ဤသည်ကလည်း စနစ်တစ်ခုလို ဖြစ်နေပြန်သည်။
ကျွန်တော် အထက်ကပြောခဲ့သည့် အတန်းအစားနှစ်မျိုး၊ အသွင်နှစ်မျိုးတွင် အနေအထား မတူသော်လည်း တူညီချက်တစ်ခုတည်းသာ ရှိသည်။ ထိုအချက်မှာ Cramming လုပ်ခြင်း ဖြစ်သည်။ ကျောင်းသား၏ ဦးနှောက်အတွင်းသို့ လူသားလိုမတွေး၊ စက်ရုပ်လိုတွေးပြီး စာတွေကို အတင်းသွပ်ပေးကာ ပြန်ထုတ်ရေးခိုင်းခြင်းတွေကတော့ တူမည်ထင်သည်။
ဤသည်ကိုပင် ပညာရေးဟူ၍ သတ်မှတ်နေကြသည့် ဆရာများနှင့် မိဘများ၏လက်ထဲတွင် ကြီးပြင်းလာရသော ကလေးများ၏ ဦးနှောက်နှင့်အတွေးက ပုံစံခွက်ထဲမှ မလိုင်တုံးတွေ ဖြစ်နေသည်။
မကြာမီက ရုပ်သံလိုင်းတစ်ခုတွင် သူတို့က တော်သည်ဟုထင်သော ကလေးများနှင့် အင်တာဗျူးတွေ ထုတ်လွှင့်သည်ကို ကြည့်လိုက်မိသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ရေး အတွက် ဘုရားတွင် ဆုတောင်းပုံတွေ ပြသည်။
ကျွန်တော်လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ပါသည်။ ဆုတောင်းတိုင်း အောင်မည်ဆိုလျှင် စာသင်စရာလိုမည် မထင်ပါ။ ကျောင်းတိုင်းတွင် ဘုရားခန်းကောင်းကောင်းထားပြီး နေ့တိုင်း ဘုရားရှိခိုးခိုင်းနေရုံသာ ရှိတော့သည်။ ကျောင်းသား လူငယ်တွေ အထင်မှားအမြင်မှားစေနိုင်သည့် ပြကွက်မျိုးကို အသားပေး မပြသင့်ကြောင်း ပြောလိုရင်းသာ ဖြစ်ပါသည်။
နောက်ပြီး ကျောင်းသားတိုင်းကို မေးလိုက်လျှင် ဆရာဝန်ဖြစ်ချင် သည်ဆိုသည့် အချက်တွေက အားလုံး တူညီနေကြသည်။ ဆရာဝန်ဖြစ်ချင်သောကြောင့် ကလေးဘ၀ကို ကျောင်းတွေ၊ ဆရာတွေ လက်ထဲထည့်ကာ ပျော်ရွှင်မှုတွေ ပျောက်စေသည်။ စာတွေကို မနေမနား ကျက်စေသည်။
ပျော်ရွှင်စရာကောင်းသည့် ကလေးဘ၀ပျောက်ဆုံးစေခြင်း၏ အမှန်တကယ် ပန်းတိုင်သည် ကလေးကိုယ်တိုင်က လိုလားစွာ ဖြစ်ချင်သည့်အတွက်ကြောင့်လား၊ မိဘတွေက ကိုယ်မဖြစ်ခဲ့သည်ကို ဖြစ်စေရန်အတွက် အတင်းအဓမ္မလိုက်ပြီး အကောင်အထည်ဖော်ပေးနေရတာလား ပြန်စဉ်းစားသင့်ပါသည်။
သားသမီးတွေ၊ မြေးမြစ်တွေနှင့် ရောရောင်ပြီး ရောင်တော်ပြန် လွှတ်ရသည်ကို ပီတိဖြစ်နေကြသည့် မိဘ အဖိုးအဖွားများ၏ ဘ၀ကလည်း သနားစရာကောင်း လှသည်။ ကိုယ့်သားသမီးနှင့်အတူ ရွေးချယ်စရာမရှိသည့် စကောထဲတွင် ဇီးဖြူသီးအလှိမ့်ခံရသလို ရောပြီးအလှိမ့်ခံကာ ကျောင်းရောဂါ မာန်ထပြနေကြရသည့် ဘ၀တွေကလည်း စိတ်မချမ်းသာစရာ ကောင်းလှသည်။
ဆရာဝန်တစ်ယောက် ဖြစ်ရန်ဆိုသည်မှာ ဂုဏ်ထူးတွေ အများကြီးပါရမည်၊ အမှတ်တွေ အများကြီးရရန် လိုသည်။ ဂုဏ်ထူးတွေ အများကြီးရရန်၊ အမှတ်တွေကောင်းရန် ဆေးကျောင်း တက်ခွင့်ရရန် ကျောင်းကောင်းကောင်းသို့ အလုအယက် သူ့ထက်ငါ ထားနေကြသည်ဆိုသည့် အဖြေကတော့ နိဂုံးဆွဲတတ်သူတိုင်း ရမည် ထင်ပါသည်။ ပညာရေး၏ ပန်းတိုင်သည် ဂုဏ်တု ဂုဏ်ပြိုင်၊ ပညာပြိုင်ပြီး အများဆုံးနှင့် အကောင်းဆုံးသို့ တက်လှမ်းနိုင်ရန်သာ ဖြစ်နေသည်။
မြို့တစ်မြို့တွင် အထက်တန်းကျောင်းတွေ အများကြီး ရှိနိုင်ပါသည်။ ထိုကျောင်းများထဲတွင် မိဘတွေကိုယ်တိုင် ဂုဏ်ပြိုင်ကာ အကောင်းဆုံးဟု ပံ့ပိုးဖော်ကျူးထားသော ကျောင်းတစ်ကျောင်း ကျောင်းလည်း ရှိနိုင်ပါသည်။ ထိုသို့ဖော်ကျူးပြီး ဂုဏ်ယူစရာမှတစ်ပါး အခြားမရှိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
အခြေခံပညာကျောင်းများနှင့်အပြိုင် အီလစ် (Elite) တို့ချည်းစုဝေးနိုင်သည့် ကျောင်းတစ်ကျောင်း မပေါ်ထွန်းသေးသရွေ့ အစိုးရကဖွင့်လှစ်ထားသည့် ထိုကျောင်းများတွင် မိဘတွေပြိုင်၊ ကျောင်းသားတွေပြိုင်၊ ဆရာတွေပြိုင်ဆိုင်မှုသည် ကြောက်စရာကောင်းသည့် အသွင်ဖြင့် ရှိနေပါလိမ့်မည်။
ပြိုင်ဆိုင်မှုဆိုသည်မှာ ကောင်းသည့်နေရာတွင်ကောင်းသလို မကောင်းသည့်နေရာတွင် မကောင်းနိုင်ပါ။ ပုဂ္ဂလိကပညာရေးကို အကောင်အထည်ဖော်ပေးသည့် နိုင်ငံများတွင် အစိုးရ ကျောင်းများ၏ အခန်းကဏ္ဍကိုလည်း မပစ်ပယ်ထားကြောင်း သိသင့်ပါသည်။ ငွေကြေး တတ်နိုင်သည်၊ သားသမီးနောင်ရေးကို အများကြီးစဉ်းစားသည် ဆိုသူများအတွက် အဆင့်တစ်ခု ရှိနေပါသည်။
ငွေကြေးမတတ်နိုင်၊ သားသမီးများ၏ပညာရေးကိုလည်း ဖြစ်ထွန်းစေချင်သည်ဆို သောသူများအတွက်လည်း အခွင့်အရေးတွေက အပြိုင်ရှိနေပါလိမ့်မည်။ ပညာရေးတွင် အစိုးရတိုင်းက သူ့နည်းသူ့ဟန်များဖြင့် တာဝန်ယူထားသော အပိုင်းများရှိတတ်သလို၊ တာဝန်မယူ လွှတ်ပေးထားသော အပိုင်းများလည်း ရှိပါသည်။ နိုင်ငံနှင့် လူမျိုး အခြေအနေအရ အစိုးရတစ်ရပ်က ဥပဒေများဖြင့် ပြဋ္ဌာန်းရသည့် အပေါ်တွင် မိဘနှင့်ဆရာများက အငေါ်တူးပြီး သားသမီးများကို ကိုယ်လိုရာ ဖော်ကျူးတတ်သည်လည်း ရှိနိုင်ပါသည်။
ကြက်တူရွေးစာအံသလို စာတွေကျက်တတ်ပြီး အောင်မှတ်တွေ အများကြီးရကာ ပညာတွေ တတ်သွားသော်လည်း ကိုယ်ပိုင်အတွေးအခေါ် ဆုံးဖြတ်ချက်များဖြင့် လူ့လောက အလယ်တွင် မရပ်တည်နိုင်သော သူမျိုးတွေဖြစ်မည်ကိုတော့ စိုးရိမ်မိပါသည်။
နိုင်ငံတော် အစိုးရက ပညာရေးကို တစ်သားတည်းဖြစ်စေရန် မည်မျှကြိုးပမ်းနေသည်ဆိုစေ ကျောင်းများကို ဖျက်စီးနေသော၊ ဆရာများကိုဖျက်စီးနေသော ၊ ပညာရေးစနစ်ကို သွေးကွဲစေရန် ကြံဆောင်နေကြသော အမြုံစွဲရောဂါရှင် မိဘများကို ပပျောက်စေနိုင်မည့် စနစ်တစ်ခု မဖော်ဆောင် နိုင်သရွေ့ သန့်စင်သော ပညာရေးလောကတွင် အကျင့်ပျက်ခြစားမှုများ ဝမ်းနည်းဖွယ်ရာ တွေ့မြင် နေရဦးမည် ဖြစ်ပါသည်။
တင်ညွန့်

( ကျောင်းရောဂါ ) 

No comments:

Post a Comment

Note: Only a member of this blog may post a comment.