ကျွန်မတို့ ပညာရေးနဲ့ စင်္ကာပူပညာရေး
လူတွေပြောလေ့ရှိတာတစ်ခုက ကျွန်မ တို့ နိုင်ငံရဲ့ ပညာရေးစနစ်ဟာ မ ကောင်း ပါဘူးတဲ့။ ဘာတွေက ကျွန်မ တို့ ပညာရေးစနစ်ကို ညံ့ဖျင်းစေရ တာလဲ။ တတ်နိုင်တဲ့မိဘတွေဟာ သူတို့ သားသမီးတွေကို တိုင်းတစ်ပါး (ဥပမာ - စင်္ကာပူ)ကို
စေလွှတ်ပြီး ပညာသင်စေပါတယ်။ ဘာကြောင့်လဲလို့မေးရင် သူတို့ဖြေတဲ့ အဖြေတွေဟာ တသဘောထဲ ဖြစ်နေတတ်တာကို တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ “သူတို့ကို ပညာကောင်းကောင်း သင်စေချင်လို့ပါ။ သူတို့အတွက် အခွင့်အလမ်း ပိုပွင့်တာပေါ့” စသဖြင့်ပေါ့လေ။ တစ်နည်းအားဖြင့် သူတို့သားသမီးတွေကို ပိုပြီး ခေတ်မီတိုးတက်တဲ့ လမ်းကြောင်းပေါ် တင်ပေးလိုက်တာပါ။

အဲဒီကတည်းက ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်ဟာ သူများနိုင်ငံထက် ချို့ယွင်းချက်တွေပိုများနေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ကျွန်မတို့ အထက်တန်းကျောင်းမှာ (တက္ကသိုလ်နဲ့ ပတ်သက်လို့တော့ ကျွန်မ မပြောတတ်ပါဘူး) ပညာသင်ကြားတုန်းက လေ့လာသင်ယူရတဲ့ ဘာသာရပ် တွေရဲ့ သင်ရိုးညွှန်းတမ်းတွေဟာ အဆင့်မီပါတယ်။ ဒါပေမဲ့ လိုအပ်ချက်၊ အားနည်းချက်တွေတော့ ရှိပါတယ်။ အချို့အချို့သော ကျောင်းတွေမှာ ဆရာဆရာမတွေက ကျောင်းသားတွေကို သေသေချာချာ သင်ကြားမပေးတာ၊ ကျူရှင်ကိစ္စ၊ ကျောင်းအပ်ရင် ထည့်ရတဲ့ အလှူငွေကိစ္စတွေ… ဒါတွေကိုတော့ မပြောတော့ပါဘူး။
ကျောင်းသားတစ်ယောက်ရဲ့ အမြင်နဲ့ ကျွန်မတစ်ခုတော့ ပြောချင်ပါတယ်။ ကျွန်မတို့ကျောင်းတွေက အချိန်ဇယားတွေမှာ “စာရိတ္တနှင့် လောကနီတိ”၊ “ဘဝတွက်တာ ကျွမ်းကျင်စရာ”၊ “ရသ”၊ “ကာယ”စတဲ့ Co-curriculum activities (CCA) တွေ အတွက်ပါ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒါပေမဲ့ များသောအားဖြင့် အဲဒီအချိန်တွေမှာ ဆရာမတွေ စာပဲဝင်သင်ကြပါတယ်။ တစ်ခါတလေ ဆရာမနှစ်ယောက်က စာသင်ချိန်တစ်ချိန်တည်းကို ဝင်သင်ချင်နေတာမျိုးတောင် ကြုံဖူးပါတယ်။ ကျောင်းသားတွေကို ကွန်ပျူတာ သုံးခွင့်ပေးတဲ့ Multimedia ချိန်ဆိုတာမျိုးဟာလည်း ကျွန်မတို့အတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးပါပဲ။ ဒီလို နည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ များစွာသောကျောင်းသားတွေဟာ ကွန်ပျူတာဆိုတာကို မြင်သာမြင်ရပေမဲ့ တစ်ခါမှ ကိုင်တွယ်အသုံးပြုဖူးတာ မဟုတ်ပါဘူး။
စင်္ကာပူကိုရောက်ပြီးနောက်ပိုင်းမှာ ကျွန်မသတိထားမိလာတာကတော့ သူတို့ဆီကကျောင်းတွေမှာ ကျောင်းသားတွေကို CCA လုပ်ဖို့ အားပေးအားမြှောက်လုပ်တယ် ဆိုတာပါပဲ။ CCA ဟာ ကျောင်းသားတွေအတွက် မလုပ်မဖြစ် လုပ်ရတဲ့ activity တစ်ခု ဖြစ်လာပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူတွေမှာ အသင်းအဖွဲ့နဲ့ အလုပ်လုပ်တတ်ခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်ရှိခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်လာခြင်းစတဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေတဲ့ အကျိုးတရားတွေအပြင် သူတို့ဝါသနာပါရာကို လုပ်ဆောင်ခွင့်ရတဲ့အတွက် သူတို့ရဲ့ စွမ်းရည်တွေပါ ပိုထက်မြက် လာပါတယ်။ နောက်တစ်ချက်ကတော့ သူတို့ဆီက ကျောင်းသား ကျောင်းသူလေးတွေဟာ ကွန်ပျူတာ ဆိုတာကို ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ကြပါတယ်။ ကွန်ပျူတာအကြောင်း ခရေစေ့တွင်းကျ မသိဘူးဆိုရင်တောင် Computer literarcy တော့ရှိကြတယ်။
အင်္ဂလိပ်စာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကျွန်မတို့ အင်္ဂလိပ်စာကို ၁၁ နှစ်လုံးလုံး သင်ယူလေ့လာခဲ့တယ်။ သူတို့နဲ့ သိပ်မကွာပါဘူး။ အဓိကကွာခြားချက်က သူတို့က အင်္ဂလိပ် လိုပြောတယ်။ ကျွန်မတို့ဆီမှာ ပြောတဲ့အကျင့်မရှိဘူး။ အဲဒီတော့ စကားပြောစွမ်းရည်မှာ နိမ့်ချင်နိမ့်မယ်၊ နားထောင်ခြင်းစွမ်းရည်မှာ နိမ့်ချင်နိမ့်မယ်၊ အရေးနဲ့အဖတ်တော့ ကျွမ်းကျင်သင့်တာပေါ့။ အရေး၊ အဖတ်ကျွမ်းကျင်ဖို့ဆိုတာက ကျောင်းသားကျောင်းသူကိုယ်တိုင် အားထုတ် ကြိုးပမ်း ရပါတယ်။ ဆရာမရေးပေးတဲ့စာကို ကျက်ဖြေရုံနဲ့တော့ ကျွန်မတို့တွေ ပညာတတ်မသွားပါဘူး။
ဒီတော့ ကျွန်မတို့တတွေ ၁၀ တန်းအောင်လို့ ကွန်ပျူတာ အခြေခံအကြောင်း၊ English 4-skill အကြောင်း သင်တန်းတက်နေရချိန်မှာ သူတို့အတွက် သင်တန်းတက်ဖို့ မလိုအပ်ပါဘူး။ ဒီလိုကွာခြားချက်တွေကြောင့် သူတို့ O-level အောင်လို့ အလုပ်တစ်ခု(ဥပမာ - စာရေးအလုပ်)ကို သက်တောင့်သက်သာ ဝင်လုပ်နိုင်ပေမဲ့ ကျွန်မတို့ကတော့ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် တစ်ခုတည်းနဲ့ အလုပ်ကောင်းကောင်းတစ်ခု မရနိုင်ပါဘူး။ အဲဒီတော့ သင်တန်း တက်ကြတယ်။ Certificate တွေယူကြတယ်။ အဲဒီအတွက် ကျောင်းသားလူငယ်တွေဘက်က အချိန်၊ ငွေအား၊ လူအားတွေကို စိုက်ထုတ်ရပါတယ်။ ဒါဖြင့် ဘွဲ့ရရင် အဲဒီ certificate တွေ မလိုတော့ဘူးလားဆိုပြန်တော့ မဟုတ်ပါဘူး။ လိုအပ်နေသေးတာပါ။
ကျောင်းသားကျောင်းသူတွေကို တကယ်ပညာတတ်အောင်၊ အရည်အချင်းပြည့်ဝအောင် မပြုစုမပျိုးထောင်ပေးနိုင်တဲ့ ပညာရေးစနစ်ကြောင့် ကျောင်းသားကျောင်းသူတွေမှာ ကျောင်းပြီးလည်း အလုပ်အကိုင်ရဖို့ မသေချာဘူး၊ ဘဝ အာမခံချက် မရှိဘူးလို့ ကျွန်မ တစ်ထစ်ချ မပြောလိုပါဘူး။ ဒါပေမဲ့ ဒါဟာ တစ်ခုတည်းသော အကြောင်းအချက်မဟုတ်ရင်တောင် များစွာသောအကြောင်းတရားတွေထဲမှာ ဒီအရည်အချင်းမပြည့်ဝခြင်းဟာ တစ်စိတ်တစ်ဒေသ ပါဝင်ပါတယ်။
ကျွန်မတို့ပညာသင်တာဟာ အသိဉာဏ်တိုးစေဖို့၊ အမှားအမှန် ခွဲခြားတတ်ဖို့ပါ။ လောကမှာ လူတော်ဖြစ်ရုံနဲ့တင် မလုံလောက်ပါဘူး။ လူကောင်းဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ စာရိတ္တကောင်းဖို့၊ ကိုယ်ကျင့်သီလ ဖြူစင်ဖို့ ဆိုတာတွေဟာ ကျွန်မတို့အတွက် လိုအပ်တဲ့အရည်အချင်းတွေပါ။ ကျွန်မတို့ စာသင်ကျောင်းတွေမှာ ဒီလို စာရိတ္တပိုင်းဆိုင်ရာတွေကိုတော့ သင်ကြားပေးလျက်ရှိနေဆဲပါပဲ။ “ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား”တတ်အောင်၊ မာန်မာန ထောင်ကြွားဝင့်ဝါခြင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်အောင်…စသဖြင့် သင်ကြားပေးလျက်ရှိပါတယ်။
ဒါပေမဲ့ ကျွန်မတို့နိုင်ငံက များစွာသောကျောင်းသားတွေက ချုံ့ထားတဲ့စာရွက်လေး၊ မုန့်ဗုံးနဲ့ ပါတိတ်ဝမ်းဆက်တွေကို စာမေးပွဲအောင်ဖို့ အားကိုးနေသေးတာဟာ သူတို့ပညာကို ကောင်းစွာမတတ်မြောက်ဘူးဆိုတာကို ပြနေပါတယ်။ ဒါဟာ သူတို့ရဲ့စာရိတ္တကိုလည်း လှစ်ဟပြနေသလိုပါပဲ။ ဒါဟာ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားလိုစိတ် မရှိတာပါ။ ကိုယ့်ကိုယ်ကိုယ် အားမကိုးတာ။ ဖြတ်လမ်း၊ အလွယ်လိုက်တာလို့ ပြောလည်းရပါတယ်။ နောက်ပြီး ဘက်လိုက်တတ်တဲ့ ဆရာမတွေဟာ ကျောင်းသားတွေကို ဖျက်ဆီးနေသလိုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က ကျောင်းသားတွေကို လာဘ်ပေး လာဘ်ယူ တတ်အောင် ရှေ့ဆောင်လမ်းပြလုပ်နေသလို ဖြစ်နေတာကြောင့်ပါ။
ကျောင်းသားတွေရဲ့စိတ်မှာ ဘယ်ကိစ္စအတွက်မဆို “အေးဆေးပါကွာ.. နည်းနည်းပါးပါး ပေးလိုက်ကမ်းလိုက်ရင် ရပါတယ်”ဆိုတဲ့အတွေး စွဲထင်သွားရင် မကောင်းပါဘူး။ ချွတ်ချုံကျနေတဲ့ ဒီစနစ်ကြောင့် ဒီလိုအလွယ်လိုက်တတ်တဲ့ ကျောင်းသားတွေရှိလာတာလား၊ ဒီလိုကျောင်းသားတွေရှိလို့ စနစ်ကြီးသုံးမရတော့တာလားဆိုတာတော့ ကျွန်မလည်း ဉာဏ်မမီတော့ပါဘူး။ ဒါပေမဲ့ အလွယ်လိုက်တာများရင်တော့ ရေရှည်မှာ အလိုက်လွဲပါလိမ့်မယ်။ အလိုက်လွဲပြီ ဆိုမှတော့ လမ်းမှားပြီပေါ့။
ဒီစင်္ကာပူမှာတော့ အဲဒီကိစ္စတွေ မရှိသလောက်ရှားတယ်လို့ ပြောလို့ရပါတယ်။ (မရှိဘူးလို့ မပြောတာက biasness ဘက်လိုက်မှုဆိုတာ နေရာတိုင်းမှာရှိတတ်တာကြောင့်ပါ။ နည်းတာနဲ့ များတာပဲ ကွာမယ်။ လူတွေသတိထားမိတာနဲ့ သတိမထားမိတာပဲ ကွာပါလိမ့်မယ်။ ကျွန်မတို့တွေဟာ အနည်းနဲ့အများတော့ ဘက်လိုက်တတ်တာပါပဲ။) သူတို့ကျောင်းသားတွေရဲ့စိတ်မှာ ကိုယ်ကြိုးစားရင် ကိုယ့်ကြိုးစားမှုရဲ့အသီးအပွင့်ကို ခံစားရမယ်လို့ ယုံကြည်ကြပါတယ်။ နောက်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာပါပဲ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသွားတာမျိုးတော့ မကောင်းပါဘူး။ အဲဒီလို ယုံကြည်မှုလွန်ကဲခြင်းဟာ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်နေသလိုမျိုးဖြစ်တတ်ပါတယ်။ ဥပမာတစ်ခုပြောရရင် ဆရာနဲ့ တပည့်ဆက်ဆံရေး။ ဆရာနဲ့ တပည့်ဆက်ဆံရေးမှာ လေးစားရိုသေမှုတွေ ခေါင်းပါးလာတာ ကျွန်မတို့မျက်မြင်ပါ။
နောက်တစ်ခု ကျွန်မသတိထားမိတာက သူတို့ဆီက ကျောင်းသားလေးတွေဟာ ကျွန်မတို့ထက်ပိုပြီး စိတ်ဖိစီးမှု များတယ်ဆိုတာပါပဲ။ ကျွန်မတို့ အထက်တန်းကျောင်းတက်တုန်းက သိပ်ပြီးစိတ်ဖိစီးမှု မများခဲ့ဘူးလို့ ပြောရမယ်။ တက္ကသိုလ် ကျောင်းသားတွေလည်း စိတ်ဖိစီးမှု မများလှဘူးလို့ ကျွန်မထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသား လူငယ်ဆိုတာ နုနယ်တဲ့အရွယ်ပါ။ ဒါ့ကြောင့် အရွယ်နဲ့မမျှတဲ့ စိတ်ဖိစီးမှုဆိုတာကတော့ မရှိရင် အကောင်းဆုံးပါပဲ။
ခြုံငုံပြီးပြောရရင်တော့ ကျွန်မကြုံခဲ့၊ဖြတ်သန်းခဲ့ရတဲ့ ပညာရေးစနစ်နှစ်ခုလုံးမှာ ကောင်းတဲ့အချက်ရှိသလို ဆိုးတဲ့ အချက်လည်း ရှိတာပါပဲ။ ကျွန်မထင်တာ မမှားဘူးဆိုရင် ဒါဟာ စနစ်တိုင်း၊ စနစ်တိုင်းမှာ ရှိတတ်တဲ့ ပြဿနာပါပဲ။ ဒီတော့ ကျွန်မတို့လုပ်ရမှာက ကောင်းတာတွေ တဖြည်းဖြည်းတိုးပွားများပြားလာစေပြီး ဆိုးရွားပျက်စီး ယိုယွင်းနေတာ တွေကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရမှာပါ။ ဒါမှလည်း ကောင်းမွန်တဲ့စနစ်ဖြစ်လာမှာကိုး။
ကျွန်မတို့အားလုံး နားလည်လက်ခံတာက စင်္ကာပူနဲ့ ကျွန်မတို့တိုင်းပြည်ယှဉ်လိုက်ရင် စင်္ကာပူမှာ ပညာသွားသင်တယ်ဆိုတာ ပိုပြီးတိုးတက်ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားတယ်ဆိုတာပါပဲ။ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ သိထားသင့်တာက ပိုပြီးတိုးတက်တဲ့ လမ်းကြောင်းပေါ်ရောက်တိုင်း ကျွန်မတို့တတွေ နတ်ရေကန်ထဲ ဆင်းလိုက်သလို အစစအရာရာ ပြောင်းလဲသွားတာမဟုတ်ပါဘူး။ ကိုယ့်ဘက်က အားထုတ်ကြိုးစားမှုတွေ၊ လုံ့လဝီရိယတွေ စိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပိုပြီးတိုးတက်ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ပိုပြီးအသိပညာကြွယ်တဲ့၊ ဉာဏ်ပညာကြီးတဲ့ လူကောင်းလူတော်တွေ ဖြစ်လာမှာလို့ ကျွန်မယုံကြည်တယ်။
ထိုနည်းလည်းကောင်းပါပဲ။ မြန်မာပြည်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေ အနေနဲ့လည်း ကိုယ့်ထူးကိုယ်ချွန် ကြိုးစားမယ်ဆို ပေါက်ပေါက်မြောက်မြောက် ဖြစ်နိုင်ပါတယ်။ အတိုင်းအတာတစ်ခုအထိပေါ့။ ဘာပဲဖြစ်ဖြစ် မာကျောကြမ်းတမ်းလှတဲ့ ကျောက်ဆောင်တွေတောင် ရေတိုက်စား ခံရဖန်များတော့ အသွင်ပုံစံ ပြောင်းလဲသွားသေးတာပါပဲ။
နောက်ပြီး ကျွန်မတို့မှာ ကျွန်မတို့ရဲ့အတွေ့အကြုံတွေ၊ အသိပညာတွေအပေါ် အခြေခံပြီး ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေအတွက် ပိုပြီးကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု၊ စနစ်တစ်ခုဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားဖန်တီးပေးရမယ့် တာဝန်လည်း ရှိပါတယ်။ အခုတော့ ကျွန်မစိတ်ထဲမှာ ကဗျာတိုလေးတစ်ပုဒ်ကို ထပ်ခါထပ်ခါ ရွတ်ဆိုနေမိတယ်။
“ကျောင်းသူကျောင်းသား တို့အဖော်၊ အရွယ်ရောက်လို့ ကြီးပြင်းသော်၊ ပညာတော် မြတ်စိတ်ထား၊ တာဝန်ကိုယ်စီ ထမ်းစို့လား”
ဖြိုးဖြိုး
No comments:
Post a Comment
Note: Only a member of this blog may post a comment.